ပျဉ်းမနား နိုဝင်ဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ တောင်ပေါ် ကျေးရွာဖြစ်သည့် မဲပေါက်ကျေးရွာအုပ်စု၊ ဂမုန်းတောင်ကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းအတိုး ရငွေဖြင့်ဆောင်ရွက်ပေးမည့် ကျေးရွာမီးလင်းရေးလုပ်ငန်းများကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများသည် ဒေသခံပြည်သူများနှင့်တွေဆုံးရာတွင် ကျေးရွာ၏ တင်ပြချက်များအရ ကျေးရွာတစ်ရွာလုံးမီးလင်းရန်အတွက် လိုအပ်သော ပေအရှည်မှာ (၉၁၃၀)ပေဖြစ်ပြီး နိုင်ငံတော်မှ ချမှတ်ပေးသည့်ပေ(၂၆၀၀)မှာ ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ထပ်မံလိုအပ်လျက်ရှိသည့် ပေ(၆၅၃၀)ကို ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဂမုန်းတောင်ကျေးရွာအတွင်း လျှပ်စစ်မီးသွယ်တန်းရန် ကျန်ရှိနေသေးသည့် ပေ(၆၅၃၀)အား စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။
အဆိုပါမြစိမ်းရောင်စီမံကိန်းကျေးရွာသည် (၂၀၁၆ -၂၀၁၇) ဘဏ္ဌာရေးနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကျေးရွာလည်ပတ်ရန်ပုံငွေ အရင်းအတိုးပေါင်း ကျပ်သန်း ( ၅၆ .၁၆၆)ရှိပြီး စီမံကိန်းကာလလေးနှစ်တာတွင် အတိုးရငွေပေါင်း ကျပ်သန်း(၂၁.၁၆၆)ရှိကာ အတိုးရငွေများထဲမှ(၅၀)ရာခိုင်နှုန်းနှင့် ပြည်သူထည့်ဝင်ငွေများ ပေါင်းစပ်၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သည့် ကျေးရွာတွင်းလျှပ်စစ်မီးသွယ်တန်းခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)