မုံးကိုးမြို့၊ ပန်လွမ်းကျေးရွာအုပ်စု၌ မဲရုံလုပ်ငန်းတာဝန်ပိုင်းဆိုင်ရာများကို လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းများ ဆောင်ရွက်

မုံးကိုး  နိုဝင်ဘာလ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ပန်လွမ်းကျေးရွာအုပ်စု၌ (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပန်လွမ်း ကျေးရွာအုပ်စုရှိ မဲရုံအဖွဲ့ဝင်များအား မဲရုံလုပ်ငန်းတာဝန်ပိုင်းဆိုင်ရာများကို ယနေ့၊ နံနက်(၁၀) နာရီ အချိန်ခန့်က မုံးကိုးမြို့၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မြို့ကော်မရှင်အတွင်းရေးမှူးတို့က လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများပို့ချလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ရွေးကောက်ပွဲကျင်းပမည့်ကာလ၌ မဲရုံလုပ်ငန်းတာဝန်ပိုင်းဆိုင်ရာ သိကောင်း စရာများနှင့် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းဥပဒေ၊ နည်းဥပဒေများကို မုံးကိုးမြို့၊ မဲရုံမှူးဦးသန်းဇော်ဦး၊ ဒုတိယမဲရုံမှူး ဦးမိုင်းဉာဏ်စိုးနှင့် ကော်မရှင်အတွင်းရေးမှူး ဦးဇော်နော်တို့က ရှင်းလင်းဆွေးနွေးပြီး မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်ပိုင်းဆိုင်ရာ သိကောင်းစရာများကို သရုပ်ဖော်ပြသခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်စေသည်။

ဆက်လက်ပြီး မုံးကိုးမြို့၊ ပန်လွမ်းကျေးရွာအုပ်စုရှိ မဲရုံအဖွဲ့ဝင်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး မဲရုံမှူးဦးသန်းဇော်ဦးက ပြန်လည်ရှင်းလင်းပေးသည်။

မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ပန်လွန်းကျေးရွာအုပ်စုတွင် ကချင်တိုင်းရင်းသားနှင့် လီဆူးတိုင်းရင်းသားလူမျိုးများ အများစုနေထိုင်ကြပြီး မဲဆန္ဒရှင်စုစုပေါင်း(၃၂၀)ဦးနှင့် မဲရုံ(၁)ရုံ ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)