ဟိုပုံး နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို ယမန်နေ့နံနက်(၈)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်သိုက်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ထွေးနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကာ ဆန္ဒမဲလာရောက်ပေးမည့် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး မဲရုံအတွင်းအပြင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံအတွင်း လျှို့ဝှက်ဆန္ဒပြုခန်းနှင့် သက်ဆိုင်ရာလွှတ်တော်မဲပုံးများ စနစ်တကျ ခင်းကျင်းထားရှိမှု အခြေအနေများ၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင်များ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့်၊ ရွေးကောက်ပွဲနေ့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံကိုယ်စားလှယ်များ၊ မဲရုံအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကြည့်ရှုလေ့လာသူများကို နေရာချထားမှုနှင့် မဲဆန္ဒရှင်များ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် လိုအပ်ချက်များကို ထပ်မံဖြည့်စွက်ထားရှိရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် မြို့ပေါ် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၂ အုပ်စု၊ ကျေးရွာပေါင်း ၂၉၈ ရွာ၊ မဲရုံ ၈၀ ရုံ၊မဲပေးပိုင်ခွင့်ရှိသူ ၈၂၅၇၂ ဦးရှိပြီး အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုအပါအဝင် ကြိုတင်ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူ ၈၃၁၇ ဦးရှိရာ နိုဝင်ဘာလ ၅ ရက်နေ့အထိ စုစုပေါင်း(၆၇၄၃)ဦး ကြိုတင်ဆန္ဒမဲပေးပြီး ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
နေမင်းထွန်း(ဟိုပုံး)