မိုင်းဆတ် နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင် ထားရှိမှုအား တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲ(၁)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မယ်ကျန်းကျေးရွာ အ.မ.က ကျောင်းရှိ မဲရုံအမှတ်(၁)၊ ပါဘောကျေးရွာ အ.မ.က မူလွန်ကျောင်းရှိ မဲရုံမှတ်(၂)၊ ကောင်းမှုတန်ကျေးရွာ အ.မ.က ကျောင်းရှိမဲရုံအမှတ်(၁)၊ ဆိုက်ခေါင်ကျေးရွာအုပ်စု အ.မ.က ကျောင်းရှိ မဲရုံအမှတ်(၁)၊ ဟိုနားကျေးရွာအ.မ.က ကျောင်းရှိ မဲရုံအမှတ်(၁)နှင့် ဝိန်းနေရပ်ကွက် စာကြည့်တိုက်တွင် ပြင်ဆင်ထားရှိသည့် မဲရုံအမှတ်(၁)တို့ကို စစ်ဆေးဆောင်ရွက်ရာတွင် မဲရုံများစနစ်တကျပြင်ဆင်ထားရှိမှု၊ မဲရုံပုရဝုဒ်များ သတ်မှတ်ထားခြင်း ရှိ/မရှိ၊ မဲရုံသုံးပစ္စည်းများ လုံလောက်စွာရရှိမှု ရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မဲရုံများ ပြင်ဆင် ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအောင်စိုးဝင်း၊ ဦးသန်းထွန်း၊ ဦးသန်းဇော်ဦး၊ ဦးထွန်းလွင်နှင့် ဦးအောင်သူတို့က ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ လ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ အချိန်မီ ပြင်ဆင်ဆောင်ရွက်စေရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)