ကိုဗစ်ကာလတွင် Stay at Home မြို့နယ် ၃ မြို့နယ်ရှိ အာမခံအလုပ်သမား ၄၀၀ ကျော် အတွက် ခွင့်ပြုငွေကျပ် သိန်း ၃၀၀ ကျော် ပထမဆုံးထုတ်ပေးခဲ့

မန္တလေး နိုဝင်ဘာလ ၇

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလတွင် Stay at Home ၃ မြို့နယ်ရှိ လူမှုဖူလုံရေး အဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန ၃၉ ဌာနရှိ အာမခံအလုပ်သမား ၄၆၂ဦးအတွက် လစာ၏၄ဝရာခိုင်နှုန်း ခွင့်ပြုငွေကျပ် ၃၆၄၃၀၄၀၀/- (သုံးရာခြောက်ဆယ့်လေးသိန်း သုံးသောင်း လေးရာကျပ်) ထုတ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ သိရသည်။

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင် မှတ်ပုံတင်ထားသော လူမှုဖူလုံရေးကြေး ပုံမှန်ပေးသွင်းသည့် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများ အနက် Stay at Home အစီ အစဉ်တွင် အကျုံးဝင်သောသတ်မှတ်ချက်နှင့်အညီ ထည့်ဝင်ကြေးပေးသွင်းထားသူများအနေဖြင့် အလုပ်သမားလစာ၏ ၄ဝ ရာခိုင်နှုန်းကို အလုပ်သမားနှင့် မိသားစုအတွက် ငွေကြေးထောက်ပံ့မှုခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးခြင်း ဖြစ်သည်။

 “ကိုဗစ်ကာလမှာ Stay at Home မန္တလေးတိုင်းဒေသကြီးမှာ ၃မြို့နယ်ပါတယ်၊ အဲဒီမြို့နယ်အတွင်း အလုပ်ဌာနတွေကို လုပ်ခလစာရဲ့ ၄၀ ရာခိုင်နှုန်းပေးတာဖြစ်ပါတယ်၊ မဖြစ်မနေဖွင့် ရမယ့်ဌာနတွေ စားသောက်ကုန်တို့ ဆေးဝါးတို့မပါဘူး၊ မဟာအောင်မြေနဲ့ ချမ်းအေးရှိ အလုပ်ဌာန ၉ခုမှာ ဌာနတစ်ခုကို ဘဏ်အကောင့်ထဲ ရုံးချုပ်ကနေ လွှဲပေးလိုက်တာ၊ ဌာန ၈ခုကတော့ မြို့နယ်ရုံးကနေ ချက်လက်မှတ်ထုတ်ပေးတာ၊ အလုပ်ဌာနတွေ အနေနဲ့ အွန်လိုင်းနဲ့ရော မြို့နယ်ရုံးကရောတင်ကြတယ်၊ အမရပူရမြို့နယ်ရုံးမှာ အွန်လိုင်းကတင်တာ ၃ဌာနရှိတာ ဌာန ၁ခုပဲကျသေးတာ၊ ကျန် ၂၉ဌာနကကို ရုံးကနေတင်ပေးလိုက်တာ၊ အွန်လိုင်းကတင်ဖို့ အားမသန်တဲ့ အလုပ်ဌာန ကိုတော့ ရုံးခွဲတွေကပဲ တင်ပေးတာ၊ လက်ရှိတင်ထားတာ အမရပူရမြို့နယ်ရုံးနဲ့ မန္တလေးမြို့နယ်ရုံးခွဲ၂ နှစ်ရုံးပေါင်း အလုပ်ဌာန ၁ဝဝကျော်ရှိပါတယ်၊ ရုံးချုပ်ရဲ့ ခွင့်ပြုမိန့် ၆၃ ဌာနရှိ ခွင့်ပြုဦးရေ ၈၆ဝဦးအတွက် ခွင့်ပြုငွေကျပ် သိန်း၅၄၀ ကျော်ထုတ်ပေးသွားဖို့ရှိပါတယ်၊ ၆၃ဌာနမှာ ယခု ၃၉ ဌာနအတွက် ထုတ်ပေးပြီးဖြစ်ပါတယ်၊ ကျန်ဌာနတွေကိုလည်း ဆက်လက် ထုတ်ပေးသွားဖို့စီစဉ်နေပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေး အဖွဲ့ရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်လွင်လွင်မြင့် ကပြောကြားသည်။

၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထုတ်ပေးရာတွင် အမရပူရမြို့နယ် လူမှုဖူလုံရေးရုံးခွဲ အနေဖြင့် အလုပ်ဌာန ၃ဝဌာနရှိ ခွင့်ပြုဦးရေ ၄၃၆ဦးအတွက် ခွင့်ပြု ငွေကျပ်၂၈,၃၂၄,၄၀၀/ (သိန်းနှစ်ရာရှစ်ဆယ့်သုံးသိန်းနှစ်သောင်း လေးထောင်လေးရာကျပ်)ကို လည်းကောင်း၊ မဟာအောင်မြေမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ် လူမှုဖူလုံရေးရုံးခွဲအနေဖြင့် အလုပ်ဌာန ၉ခုရှိ ခွင့်ပြုဦးရေ ၂၆ဦးအတွက် ခွင့်ပြုငွေကျပ် ၈၁၀၆၀၀၀/(ရှစ်ဆယ့်တစ်သိန်းခြောက်ထောင်ကျပ်)ကို လည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အလုပ်ဌာန အသီးသီးက တာဝန်ရှိသူများထံ ထုတ်ပေးခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်များကို မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း စက်တင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနကလည်း စက်တင်ဘာ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများအနက် Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားအတွက် ၂၀၂၁ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ ၁ဝဝပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဥပဒေပုဒ်မ ၃၁(ခ)(၂) နှင့် နည်းဥပဒေ ၁၃၆(ခ)တို့အရ ၆/၂၀၂၀ လမတိုင်မီ ထည့်ဝင်ကြေးငွေအနည်းဆုံး ၃၆ လ ပေးသွင်းထားခြင်းမရှိစေကာမူ ၆/၂၀၂၀ လ အတွက် ထည့်ဝင်ကြေးပေးသွင်းထားပြီး ၂၀၂ဝခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့အထိ အလုပ်လုပ်ကိုင်နေသည့် အာမခံအလုပ်သမားများအား ၆/၂၀၂၀ လအတွက် ပေးသွင်းထားသော လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်း အာမခံအလုပ်သမားနှင့် မိသားစုအတွက် ငွေကြေး ထောက်ပံ့မှုခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်သည်။

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများရှိအလုပ်ရှင်(သို့မဟုတ်) အလုပ်ရှင် ကိုယ်စား တာဝန်ရှိသူများအနေဖြင့် မိမိတို့ အလုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေရရှိနိုင်ရေး သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံများကို ဖြစ်စေလူမှုဖူလုံရေးအဖွဲ့ Webportal Website မှဖြစ်စေပေးပို့ လျှောက်ထားနိုင်သည်။

မန္တလေးတိုင်ဒေသကြီးတွင် ကိုဗစ်-၁၉ ကာလ Stay at Home သတ်မှတ်ထားသည့်မြို့နယ် ၃ခုမှ လူမှုဖူလုံရေးကြေး ပုံမှန်ပေးသွင်းသည့် အလုပ်ဌာနများမှ အလုပ်သမားလစာ၏ ၄ဝရာခိုင်နှုန်း ထောက်ပံ့ ရန်စာရင်းပြုစုခဲ့ရာ လုပ်ငန်းပေါင်း ခုနစ်ရာငါးဆယ်ကျော်ရှိပြီး အလုပ်သမားဦးရေ နှစ်သောင်းတစ်ထောင်ကျော်ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်