မင်းဘူး(စကု)မြို့နယ်တွင် မိုးနှမ်း GAP အသိအမှတ်ပြု လက်မှတ်များပေးအပ်

မင်းဘူး          နိုဝင်ဘာ        ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုးသော မိုးနှမ်းစိုက်တောင်သူများအတွက် GAP အသိအမှတ်ပြု လက်မှတ်များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး တောင်သူအသိ ပညာပေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းမြတ်နှင့် Safe Crops စီမံကိန်းမန်နေဂျာ ဦးဇော်ဌေးဦးတို့က မိုးနှမ်း GAP အသိအမှတ်ပြု လက်မှတ်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အသိအမှတ်ပြု လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။

အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ “၂၀၂၀ ပြည့်နှစ် မိုးသီးနှံစိုက်ပျိုးရာသီ အတွင်းမှာ စိုက်ပျိုးရေးဦးစီးဌာနနဲ့ NGO အဖွဲ့အစည်းတွေဖြစ်တဲ့ Safe Crops ၊ My SFDA ၊ P4 တို့နဲ့ပူးပေါင်းပြီးတော့ နှမ်းသီးနှံကို GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ဖို့အတွက် ကျေးရွာအုပ်စုပေါင်း ၂၇ အုပ်စု၊ ကျေးရွာပေါင်း ၃၂ ရွာက အဖွဲ့ပေါင်း ၄၄ ဖွဲ့နဲ့ ဧကပေါင်း ၃၅၀၀ ကျော် လျာထားဆောင်ရွက်ခဲ့ပါတယ်။ အဲဒီထဲကမှ အစုအဖွဲ့ပေါင်း ၄၁ ဖွဲ့က ဧကပေါင်း ၂၆၄၀ ကျော်ကို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ယခုလို GAP အသိအမှတ်ပြုလက်မှတ်တွေကို ပေးအပ်ရခြင်းဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောကြားသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ်မိုးရာသီတွင် နှမ်းသီးနှံကို ဧကပေါင်း ၆၅၀၀၀ ကျော် လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး GAP စနစ်ဖြင့် ဧကပေါင်း ၂၆၀၀ ကျော်ကို စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်မောင် (မင်းဘူး)