ထားဝယ် မေ ၁
မေလ ၁ ရက်နေ့ယနေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ဖတ်ကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက အလုပ်သမားဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် vedio clip အားလည်းကောင်း၊ တိုင်းဒေသကြီး အတွင်းအလုပ်သမားရေးရာ ကိစ္စများဆောင်ရွက် ပေးမှုမှတ်တမ်းဓါတ်ပုံများအားလည်းကောင်း ကြည့်ရှုအားပေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် စီးပွားရေးကဏ္ဍ၌ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများအားပေးဆောင်ရွက်လျက်ရှိရာ ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့တွင်ခင်းကျင်းပြသထားသည့် တိုင်းဒေသကြီးအတွင်းမှဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများ၊ ဒေသထွက်ကုန်နှင့် ဒေသထွက်စားသောက်ကုန်များ MSME ထုတ်ကုန်ပစ္စည်းအရောင်းပြခန်းတွင် လုပ်ငန်းရှင်များမှထုတ်လုပ်သော ဒေသထုတ်ကုန်ပစ္စည်းများ စုစုပေါင်းအရောင်ပြခန်း (၁၈) ခန်းအားတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)