ကော့သောင်း မေ ၂
ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ တိုင်းဒေသကြီး/ပြည်နယ်အစိုးအရအဖွဲ့များပူးပေါင်းကာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးနှင့်လူမှုဘဝမြင့်မားစေရေး ရည်ရွယ်၍ ရပ်ရွာလူမှုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု၊ မိသားစုအခြေပြုပုံစံ စာသင်ဝိုင်းများဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ စာသင်ဝိုင်းများတွင် သင်ကြားပေးလျက်ရှိရာ ယနေ့တွင်ပုလုံးတုံတုံးကျေးရွာနှင့် ကံပုံလားမားကျေးရွာရှိ စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုအား ပညာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကော့သောင်းမြို့နယ်တွင် (၁၈)မိုင်ကျေးရွာတွင် စာသင်ဝိုင်း(၃)ဝိုင်း၊ (၂၂)မိုင်ကျေးရွာတွင် စာသင်ဝိုင်း(၃)ဝိုင်း၊ အေးရိပ်ငြိမ်ရပ်ကွက်တွင် စာသင်ဝိုင်း(၃)ဝိုင်း၊ ပုလုံးတုံးတုံးရပ်ကွက်တွင် စာသင်ဝိုင်း(၃)ဝိုင်း၊ ဘန်းကချွန်ကျေးရွာတွင် စာသင်ဝိုင်း(၄)ဝိုင်း၊ချောင်းဝကျေးရွာတွင် စာသင်ဝိုင်း(၂)ဝိုင်း၊ တာညုံပါဒကျေးရွာတွင် စာသင်ဝိုင်း(၂)ဝိုင်းဖြင့် စာသင်ဝိုင်း(၂၀)ဝိုင်းရှိပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများအခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်းများကို ဖွင့်လှစ်သင်ကြားပေးရာ တွင် အသက်(၁၅)နှစ်အထက် လူငယ်နှင့်သက်ကြီးပိုင်းအရွယ်စာမတတ်သူများ အရေးအဖတ် ပညာသင်ကြားခြင်းနှင့်အတူ စာသင်သားများအတွက် လူမှုဘဝမြင့်မားစေရေး အသိပညာ ဖြန့်ဝေမှုအစီအစဉ်အနေဖြင့် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)