ထားဝယ်မြို့တွင် “သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကျင်းပ

ထားဝယ်   ဧပြီ  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများအား “သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲ” ကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ကျင်းပရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက် သည်။

ဟောပြောပွဲတွင် ထားဝယ်ခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွင်ကိုဦးက ကျောင်းသား/ကျောင်းသူများအနေဖြင့် သစ်တောသစ်ပင်နှင့်  ဇီဝမျိုးစုံမျိုးကွဲများကို ချစ်ခင်မြတ်နိုး လာစေရန်၊ ရာသီဥတုပြောင်းလဲမှုများကို သိရှိနားလည်စေပြီး သစ်တောများမှ လူသားများနှင့် ဇီဝမျိုးစုံ မျိုးကွဲများအပေါ် အထောက်အကူပြုပေးသည့် အကြောင်းအရင်းများကို သိရှိစေရန်၊ သစ်တော သစ်ပင်များ၏ အရေးပါမှုအား သိရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် သစ်တောများ နှင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ သစ်တောများနှင့် ရေဝေရေလဲဒေသများ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေး ဟောပြောသည်။

ထို့နောက်မြို့နယ်ဦးစီးအရာရှိ ဦးရဲဝင်းအောင်က သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျှော့ချ ရေးအကြောင်း၊  သစ်တောများနှင့်ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးအကြောင်း၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)