မြိတ်မြို့တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြိတ် မေ ၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မြိတ်တောင်ရပ်ကွက် မြို့မ(၁)ရပ်ရှိ အ.ထ.က(ခွဲ) အ.လ.က (၁၀) စာသင်ကျောင်းတွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့သည်။

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများအား သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ချစ်မြတ်နိုးတတ်လာစေရန်နှင့် ရာသီဥတု ပြောင်းလဲမှုကို သိရှိနားလည်စေပြီး သစ်တောများ၏ အကျိုးကျေးဇူးများ သိရှိနားလည်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခြင်းဖြစ်သည်။

အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်လတ်က အဖွင့်အမှာ စကား ပြောကြားပြီး မြိတ်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများ၊ သစ်တောအမျိုးအစားများ၊  သစ်တောမှ ရရှိသော အကျိုးကျေးဇူးများနှင့် သစ်တောများ ပျက်စီးပြုန်းတီးမှုကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများကို Power Point ဖြင့် အကျယ် တဝင့် ပြောကြားသည်။

ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန၏ ရှမ်းချောင်းသစ်တော ပျိုးဥယျာဉ်သို့ ဆရာ/မများနှင့် ကျောင်းသား/သူများအား လေ့လာရေး ပို့ဆောင်ပေးခဲ့ရာ ပျိုးဥယာဉ်အတွင်း မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် အမျိုးအစား (၁၂)မျိုး၊ (၂)ပေအထက်အထူးပျိုးပင် (၁၈၀၀၀)ပင်နှင့် လူထု ဖြန့်ပျိုးပင်(၅၀၀၀၀)ပင် အပင်ရေ စုစုပေါင်း (၆၈၀၀၀) ပျိုးထောင်ထားရှိသည့် ပျိုးခင်းအတွင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိက ပျိုးပင်များ ဆောင်ရွက်ထားရှိသည့် ရည်ရွယ်ချက်များနှင့် အပင်အမျိုးအစားများကို ရှင်းလင်းပြောကြားခဲ့ရာ ပျိုးဥယျာဉ်အတွင်း ကျောင်း သား/သူများနှင့် ဆရာ/မများက လေ့လာခဲ့ကြပြီး သစ်တောဦးစီးဌာနမှ ဆရာ/မများနှင့် ကျောင်းသား/သူများအား ပျိုးပင်(၁)ပင်စီ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )