ကျွန်းစု မေ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/သူများအား သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများကို ချစ်မြတ်နိုးတတ်လာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုကို သိရှိနားလည်စေပြီး သစ်တောများ၏အကျိုးကျေးဇူးများ သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခြင်းဖြစ်သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်ဝင်းက သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများ၊ သစ်တောအမျိုးအစားများ၊ သစ်တောမှရရှိသောအကျိုးကျေးဇူးများနှင့် သစ်တောများပျက်စီးပြုန်းတီးမှုကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများကို Power Point ဖြင့် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)