တီးတိန်၌ မဲဆန္ဒရှင်ပြည်သူများ ကျန်းမားရေးလမ်းညွှန်ချက်နှင့်အညီ အေးချမ်းစွာ မဲပေး

တီးတိန် နိုဝင်ဘာ ၈

ချင်းပြည်နယ် တီးတိန်မြို့နယ်၌ ယနေ့နံနက် ၆ နာရီတွင် တီးတိန်မြို့နယ်အတွင်းရှိ မဲရုံ (၁၄၀) ရုံ၌ ဆန္ဒမဲပေးခွင့်ရှိသူများ လာရောက်၍ ဆန္ဒမဲပေးကြသည်။

တီးတိန်မြို့၊ မြို့မရပ်ကွက် အ.လ.က (ခွဲ) ကျောင်းတွင် ဖွင့်လှစ်ထားသည့် အမှတ် (၁) မဲရုံ၌ ဆန္ဒမဲပေးသူများအား ရှေးဦးစွာ မဲရုံမှူးမှ မဲရုံဖွင့်လှစ်ကြောင်း ကြေညာပြီး မဲပုံးများအလွတ်ဖြစ်ကြောင်း မဲဆန္ဒရှင်များရှေ့မှောက်တွင် ပြသပြီး မဲပုံးကိုလုံခြုံရေးကြိုးဖြင့် ပိတ်ကာ ဆန္ဒမဲပေးကြသည်။

ထိုသို့မဲပေးကြရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာ၍ တစ်ဦးနှင့် တစ်ဦး ၆ ပေ ကွာခြင်း၊ အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းများ ဆောင်ရွက်သည်။ မြို့မရပ်ကွက်ရှိ အမှတ် (၁) မဲရုံတွင် မဲပေးခွင့်ရှိသူ  မဲဆန္ဒရှင် (၈၅၂) ဦးရှိကြောင်း သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)