ဖျာပုံ ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) နှင့် ဆရာဇော်ဂျီ ရာပြည့် စာကြည့်တိုက်တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ တတိယအကြိမ်မြောက် ကျွမ်းကျင်မှု အခြေပြု လျှပ်စစ်ဝရိန်ဆော်နည်း သင်တန်းကို ယနေ့ နံနက် (၉) နာရီအချိန်က ဆရာဇော်ဂျီရာပြည့်စာကြည့်တိုက် တိုးချဲ့ဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထွဋ်က အဖွင့် အမှာစကား ပြောကြားပြီး၊ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) ကျောင်းအုပ်ဆရာကြီး ဦးဘုန်းကျော်တို့က သင်တန်းဖွင့် အမှာစကားများ အသီးသီးပြောကြားကြသည်။
ထို့နောက် ဆရာဇော်ဂျီ ရာပြည့်စာကြည့်တိုက် အလုပ်မှုဆောင် အဖွဲ့အတွင်းရေးမှူး ဦးမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဖျာပုံမြို့နယ်နှင့် အနီးဝန်းကျင် ကျေးရွာများမှ သင်တန်းသားများအား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာများက သင်တန်းပို့ချ ပေးသွားမှာဖြစ်ကြောင်းနှင့် လျှပ်စစ်နှင့် ပတ်သက်သော အခြေခံနည်းစနစ်များအား ကြိုးကြိုးစားစား လေ့လာကြရန်နှင့် သင်တန်းမှ ပို့ချပေးလိုက်သည့် နည်းပညာဖြင့် လူမှု ပတ်ဝန်းကျင် နယ်ပယ်တွင် စနစ်တကျ အသုံးချတတ်ဖို့လိုကြောင်း ပြောကြားသည်။ အဆိုပါ သင်တန်းသို့ ဖျာပုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား (၆၀) ဦးကျော် တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၄) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းနိုင်