မြိတ် မေ ၆
နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈)ကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က နယ်စပ်ဒေသရှိ တိုင်းရင်းသူအမျိုးသမီးကလေးအချို့သည် တစ်ဖက်နိုင်ငံကို အထင်ကြီးပြီး တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ဒုက္ခမျိုးစုံဖြင့် ကြုံတွေ့နိုင်ပြီး လမ်းမှားသို့မရောက်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာရပ်များ သင်ကြားပေးရန်၊ သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကြောင်းပညာရပ်များဖြင့် မိမိတို့ မြို့၊ ရွာ၊ ဒေသများတွင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သင်တန်းဖွင့် အမှာစကားပြောကြားသည်။
ထိုနောက် သင်တန်းဖွင့်ပွဲတက်ရောက်လာကြသည့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌဦးဉာဏ်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြသည်။ သင်တန်းကို မြိတ်မြို့နယ်မှ(၂၁)ဦး၊ တနင်္သာရီမြို့နယ်မှ(၂)ဦးနှင့် ကျွန်းစုမြို့နယ်မှ(၇)ဦး စုစုပေါင်းသင်တန်းသူ(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလ (၂၂)ပတ် ကာလအတွင်း အခြေခံနှင့်အဆင့်မြင့်သင်ခန်းစာများကို စာတွေ့လက်တွေသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူများအား ကလေးဝတ်ဘာသာရပ်၊ အမျိုးသားဝတ်ဘာသာရပ်၊ အမျိုးသမီးခေတ်မီပုံဆန်းဘာသာရပ်၊ ဂျပန်စင်တီမီတာနည်းဖြင့် သတိုးသမီးဝတ်စုံများ၊ ခေတ်ပေါ်ပုံဆန်းများကို သင်ကြားပေးသည့်အပြင် အိမ်တွင်းလက်မှုလုပ်ငန်းများ၊ ဟင်းလျာချက်ပြုတ်နည်းများနှင့် မုန့်လုပ်နည်းများသင်ခန်းစာများကို အခမဲ့သင်ကြားပေးသွားမည်ဖြစ်ပြီး အသိညာပေးဟောပြောပွဲများလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးထံမှ သိရသည်။
ထို့အတူ သင်တန်းသူများအား သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ မော်တာအပ်ချုပ်စက်၊ ကွန်ပျူတာပန်းထိုးစက်နှင့် ကော်ပိတ်ကပ်စက်တို့များဖြင့် သင်ခန်းစာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြသည့် သင်တန်းသူတစ်ဦးကို သင်တန်းကျောင်းမှ ပိတ်စများ၊ သိုးမွေး၊ စီလွန်များ၊ လက်မှုဘာသာရပ်ပစ္စည်းများ၊ သင်တန်းသုံးပစ္စည်းများကို ထောက်ပံ့ပေး၍ စားစရိတ်များလည်း ထောက်ပံ့ပေးသည့်အပြင် ရိုးရာဝတ်စုံနှင့်တူညီဝတ်စုံများ၊ နယ်မှလာသည့်သင်တန်းသူများ အသွားအပြန်ခရီးစရိတ်များကိုလည်း ထောက်ပံ့ပေးကြောင်း၊ သင်တန်းထူးချွန်သူကိုလည်း အပ်ချုပ်စက်တစ်စုံ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သင်တန်းကျောင်းမှ သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )