မြိတ်မြို့တွင် လူတစ်ဦးချင်းစီ၏ Biometric အချက်အလက်များ စာရင်းကောက်ယူခြင်းလုပ်ငန်း စဉ်ဆက်မပြတ်ဆောင်ရွက်

မြိတ် မေ ၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-ID စနစ်ဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရှိရာ မြိတ်မြို့နယ်အတွင်းရှိ ပြည်သူများ၏ Biometric အချက်အလက်များ စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြိတ်မြို့နယ်တွင် ဆိပ်ငယ်ရပ်ကွက်၊ ရုံးလမ်း မြိတ်မြို့နယ်ဦးစီးမှူးရုံးနံဘေး အဆောက်အဦတွင် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။

လူတစ်ဦးချင်းစီ၏ Biometric အချက်အလက်များ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ၏လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့်အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့်အခြေခံစနစ် တည်ဆောက်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်။

Biometric Data များ ဖြည့်သွင်းဆောင်ရွက်ရေးလုပ်ငန်းတွင် ပြည်သူများ၏ကိုယ်ရေးအချက်အလက်များ ကောက်ယူရာတွင် အသုံးပြုသည့် စက်ပစ္စည်းများဖြင့် လူတစ်ဦးချင်းစီ၏ မျက်နှာ၊ မျက်လုံး၊ လက်ဗွေများကို Screen ဖတ်ပြီး အချက်အလက်များအား server ထဲထည့်၍ အချက်အလက်များကို QR Code ပါသည့် ဂဏန်း(၁၀)လုံးပါသော UID နံပါတ်ပါစာရွက် ပြန်လည်ထုတ်ပေးခြင်းကို မြိတ်မြို့နယ်ဦးစီးဌာနမှူး ဦးဝင်းဆွေ ဦးဆောင်၍ ဝန်ထမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၃ခုနှစ် ဇွန်လ(၃၀)ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ မြိတ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ ပြည်သူလူထုများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးခဲ့ရာ မေလ(၆)ရက်နေ့အထိ QR Code ပါသည့် ဂဏန်း(၁၀)လုံး ပါသော UID  နံပါတ်ပါသည့် စာရွက်ပြန်လည်ထုတ်ပေးပြီးသူ(၂၈၇၅၉)ဦး ရှိပြီဖြစ်ကြောင်း မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)