ဒကိ္ခဏသီရိ နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီမှစတင်၍ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ ပြည်သူများ ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင် ပြည်သူများ အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးကြလျက်ရှိသည်။
အဆိုပါ ဆန္ဒမဲပေးမည့် ပြည်သူများအား တာဝန်ရှိသူများက အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်းပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်များကိုသန့်စင်ပေးခြင်း၊ ပြင်ပမှတပ်ဆင် အသုံးပြုလာသော နှာခေါင်းစည်း (Mask) များကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်စေပြီး N95 နှာခေါင်းစည်းများပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မဲရုံအဝင်တွင် တစ်ဦးနှင့်တစ်ဦး (၆) ပေခွာတန်းစီစေပြီး မဲရုံအတွင်းဝင်ရောက်ချိန်၌ လက်များကို ဆေးကြော သန့်စင်နိုင်စေရန် Hand Gel များဖြင့် လက်များကို ဆေးကြောသန့်စင်ပေးခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် တာဝန်ရှိသူများက မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ်များထုတ်ပေးခြင်းနှင့် ဆန္ဒမဲပေးပြီးကြောင်း လက်သန်း မင်တို့ခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးကြသည်။
ဒက္ခိဏသီရိမြို့နယ်တွင် ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈) အုပ်စု၊ စုစုပေါင်း ရပ်ကွက်/ ကျေးရွာအုပ်စု (၁၀)အုပ်စုရှိရာ မဲရုံပေါင်း (၂၀)ရုံရှိပြီး မဲဆန္ဒရှင်စုစုပေါင်း (၃၁၆၅၇) ဦးရှိရာ ကြိုတင် ဆန္ဒမဲကို(၅၂၃၀)ဦးပေးပြီးဖြစ်ကာ ယနေ့မဲဆန္ဒရှင်(၂၆၄၂၇)ဦး ဆန္ဒမဲပေးမည်ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)