မန့်ဟီးရိုး နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ကောက်ကွက်ကျေးရွာအုပ်စု၊ စိန်တိုက်ကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် (၆)နာရီ အချိန်မှ စတင်၍ ဒေသခံ ပြည်သူများ ဆန္ဒမဲလာရောက်ပေး လျက်ရှိသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံအဖွဲ့ဝင်များအနက် တာဝန်ရှိသူများသည် ဆန္ဒမဲ လာရောက်ပေးကြသည့် ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆန္ဒမဲပေးနိုင်ရန် နှာခေါင်းစည်းများဝေငှခြင်း၊ အဖျားတိုင်းခြင်း၊ ရေမလိုလက်သန့် ဆေးရည်များဖြင့် လက်သန့်စင်စေခြင်း၊ မဲရုံအတွင်းသို့ ဝင်ရောက်ရာတွင် တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာတွင် နေရာချထားပေးခြင်း စသည့်အချက်များကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မန့်ဟီးရိုးမြို့၊ ကောက်ကွက်ကျေးရွာအုပ်စုတွင် မဲရုံ(၂)ရုံ ဖွင့်လှစ်ထားရှိပြီး အမှတ်(၂)မဲရုံတည်ရှိသော စိန်တိုက် ကျေးရွာတွင် မဲဆန္ဒရှင်ဒေသခံ ပြည်သူ (၄၉၈)ဦးမှ မဲပေးပိုင်ခွင့်ရရှိထားပြီး အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲ(၁၀၀) ဦး ခန့် မဲပေးထားကြောင်းကိုလည်း ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
စန္ဒာ(ပြန်/ဆက်)