ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မဲရုံများတွင် ပြည်သူများဆန္ဒမဲပေး

ဟားခါး         နိုဝင်ဘာ        ၈

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှစတင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

မဲရုံအသီးသီး၌ မဲရုံစတင်မဖွင့်လှစ်မီ နံနက် ၅ နာရီခွဲအချိန်တွင် ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာမဲရုံမှူးများထံသို့ ချိတ်ပိတ်ပြီးသော ကြိုတင်မဲပုံးများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးတို့က ပါတီကိုယ်စားလှယ်များ၊ ပြည်သူလူထုများ  ရှေ့မှောက်တွင် မဲပုံးပိတ်ခြင်း၊ မဲပုံးလုံခြုံရေး ကြိုးတပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြကာ နံနက် (၆)နာရီတိတိအချိန်တွင် မဲရုံမှူးက မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေညာပေးခဲ့သည်။

ထို့နောက် ဆန္ဒမဲပေးရန် ကြိုတင်စောင့်ဆိုင်းနေကြသော မဲဆန္ဒရှင်ပြည်သူများက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီ မဲပေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)