မြိတ် မေ ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပန်းခင်း(၃)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ မြိတ်တောင်ရပ်ကွက် ရေနံမြေရပ်ရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နေထိုင်မှုပုံ(၄)မျိုးဖြင့် အမ်တံဆိပ်ပါ အိမ်ထောင်စုလူဦးရေစာရင်းကို မေလ (၈)ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ် ဦးစီးမှူးဦးဝင်းဆွေ ဦးဆောင်၍ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့် နိုင်(၃)ကနှင့် အသက်(၁၈)နှစ်ပြည့် နိုင်(၆)က နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိသည်။ မြိတ်မြို့နယ်တွင် ပြည်သူများအား ပန်းခင်း(၃) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇန်နဝါရီ(၁)ရက်မှစတင်၍ ပြုလုပ်ပေးလျက်ရှိရာ ယနေ့အထိ နိုင်(၃)က (၅၉၂)ဦး၊ နိုင်(၆)က(၁၂၂၉)ဦးနှင့် နေထိုင်မှုပုံစံ(၄)မျိုးဖြင့် အမ်တံဆိပ်ပါ အိမ်ထောင်စုလူဦးရေစာရင်း (၂၅၁၂)စောင်ကို ပြုလုပ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
ပန်းခင်း(၃)စီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အိမ်ထောင်စုစာရင်း Server ကို ကွန်ပျူတာနှင့် ချိတ်ဆက်ဆောင်ရွက်၍ အိမ်ထောင်စု စစ်ဆေးခြင်း၊ (နိုင်) နံပါတ်ဖြည့်သွင်းခြင်း၊ သေဆုံး/ပယ်ဖျက်ခြင်း၊ မွေး/တိုးဆောင်ရွက်ပေးခြင်းတို့ကို တပါတည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)