ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်

ကော့သောင်း မေ ၉

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား(၇၅)ဦး၊ အမျိုးသမီး ၃၂ ဦး၊ စုစုပေါင်း (၁၀၇)ဦးအား ယမန်နေ့မွန်းတည့်ပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာ‌ရေးစစ်ဆေးမှုများ အထူးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးဦး‌အောင်ချိုနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များကိုပြောကြားပြီး ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိမရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများပါဝင်လာခြင်း ရှိမရှိ၊ မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်းရှိမရှိ စစ်ဆေးလက်ခံခဲ့သည်။ အဆိုပါ ပြန်လည်ဝင်ရောက်လာသူများကို ကိုယ်ရေးမှတ်တမ်းများကောက်ယူခြင်းစသည့် ကျန်းမာ‌ရေးစစ်ဆေးမှုများဆောင်ရွက်ပြီး မိမိတို့နေရပ်ဒေသအသီးသီးသို့ စနစ်တကျပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)