တနင်္သာရီ မေ ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ သာသနာ့ဝုဎ္ဍိပါလချောင်းကြီးကျောင်းတိုက် ဓမ္မာရုံအတွင်း ၁၃၈၆ခုနှစ်၊ ကဆုန်လဆန်း(၂)ရက် ယနေ့နံနက်၈နာရီ၃၀အချိန်မှစ၍ (တတိယ)အကြိမ်၊ အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီမြို့ပေါ်ရှိ ဘုန်တော်ကြီကျောင်းများမှ ပင့်လျှာက်ထားသော ဆရာတော်/သံဃာတော်အရှင်သူမြတ်(၄၁)ပါး၊ ချောင်းကြီးရပ်ကွက်၊ မြို့ဦးရပ်နှင့်ချောင်းငယ်ရပ်တို့မှ အရပ်လူကြီးများနှင့် ကြီးမြတ်သာရီယုဝတီအဘိဓမ္မာဝတ်ရွတ်အဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များ၊ လူပရိတ်သတ်များစုံညီစွာ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့်လူပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ် သံပြိုင်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်၍ ပဋ္ဌာန်းအဌကထာပဏမဂါထာဖြင့် ပဋ္ဌာန်းကျမ်းတော်ကြီးကို ဂါရဝပူဇာမင်္ဂလာပြုကြသည်။
ဆက်လက်၍ ချောင်းကြီးကျောင်းတိုက် ဦးစီးပဓာနဆရာတော် အရှင်ပဏ္ဏိစက ငါးပါးသီလတော်နှင့် ပဋ္ဌာန်းအကြောင်း သြဝါဒချီးမြှင့်ပေးတော်မူသည်။
ထို့နောက် ပဋ္ဌာန်းတရားနာကြားရန်အတွက် နတ်ဗြဟ္မာများကို အဘိဓမ္မာအဖွဲ့မှ မစုထက်ဌေးနှင့်မခင်လဲ့မွန်တို့က ဖိတ်ကြားပေးကြပြီး ပဋ္ဌာန်းဒေသနာရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာ (ပဋ္ဌာန်းအမွမ်း)ကိုမနှင်းဥဌေးက ဖတ်ကြားပေးကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့်လူပရိတ်သတ်အပေါင်းတို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသကို သံပြိုင်ရွတ်ဆိုပူဇော်ကြပြီး နောက်အလှည့်ကျဆရာတော်/သံဃာတော်အရှင်မြတ်များက ယနေ့ မေလ၉ရက်နေ့မှ မေလ ၁၄ရက်နေ့အထိ (၆)ရက်၊ (၆)ညတိုင်တိုင် နေ့ညအသံမစဲ ရွတ်ပွားပူဇော်ကြမည်ဖြစ်ကြောင်း ချောင်းကြီးရပ်အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)