ခမောက်ကြီး မေ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီ၊ ကိုကိုးပျိုးထောင်ထားရှိမှုနဲ့ ဧကတိုးချဲ့စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ခမောက်ကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့သည်။
ခမောက်ကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများသည် ခမောက်ကြီးမြို့ ဦးစီးမှူးရုံးရှိ ကိုကိုးစိုက်ခင်းနှင့် မြေစာရင်းဦးစီးမှူးရုံးဝင်းအတွင်းရှိ ကော်ဖီပျိုးပင်များ စိုက်ပျိုးထားရှိမှုအား လိုက်လံကြည့်ရှုခဲ့ပြီး ခမောက်ကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်အေးသီတာမှ လက်ကမ်းစာစောင်များပေးဝေခဲ့ပြီး ကော်ဖီ၊ ကိုကိုးပျိုးထောင်ထားရှိမှုနဲ့ ဧကတိုးချဲ့စိုက်ပျိုး ရခြင်း၏ အကျိုးကျေးဇူးများ၊ အသုံးဝင်ပုံများ၊ တစ်ဧကကုန်ကျစရိတ် အကျိုးအမြတ်များအား အသိပညာပေးရှင်းလင်း၍ လျာထားဧကပြည့်မီအောင် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပျိုးထောင်ထားရှိသော ကော်ဖီ၊ကိုကိုးပျိုးပင်များအား ယခုနှစ်မိုးရာသီတွင် ခမောက်ကြီးမြို့အတွင်း ကော်ဖီစိုက်သူများနှင့်ကိုကိုးစိုက်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှအခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)