မြိတ် မေ ၉
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရန်နှင့် အခြေခံပညာသင်ယူခွင့်ရရှိစေရန်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ယနေ့နံနက်ပိုင်းက မြိတ်မြို့ရှိ ကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ကျောင်းအပ်နှံရေး သီတင်းပတ်အလျား(၆)ပေ၊ အနံ (၃)ပေရှိ မြေစိုက်ပိုစတာကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးလင်းယန်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မ များက အ.ထ.က(၁)၊ အ.ထ.က(ခွဲ)၊ အ.လ.က(၁)၊ အ.လ.က(၅) ကျောင်းတို့တွင် စိုက်ထူကြခဲ့ကြသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်ကာလသည် မေလ(၂၃)ရက်မှဇွန်လ(၂)ရက်အထိဖြစ်ပြီး ကျောင်းအသီးသီးတွင်လည်း မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်မီ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာများ၊ ကျောင်းအုပ်၊ ဆရာ/ဆရာမများ သိရှိလိုက်နာရမည့်အချက်များ၊ မိဘအုပ်ထိန်းသူများသို့ မေတ္တာရပ်ခံချက်များ၊ ကျောင်းအပ်နှံရေး သီတင်းပတ်နှိုးဆော်စာများကို ဆက်လက် စိုက်ထူကြမည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအသီးသီး၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အတွင်း အထက်တန်းကျောင်း(၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၈)ကျောင်း၊ အလယ် တန်းကျောင်း (၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၄)ကျောင်း၊ မူလတန်းကျောင်း(၇၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၈)ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခိုင်ထူး(ပြန်/ဆက်)