ရပ်စောက် နိုဝင်ဘာ ၈
မြန်မာနိုင်ငံတစ်၀န်းလုံးတွင် ယနေ့ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ(၈)နေ့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ နံနက် ၆ နာရီအချိန်တွင် မဲရုံစတင်ဖွင့်လှစ်ကြောင်း မဲရုံမှူးများမှ ကြေညာပြီး မဲရုံအသီးသီးသို့ ရောက်ရှိနေကြသော ပြည်သူများက အေးချမ်းစွာ စတင်ဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။
အဆိုပါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ရပ်စောက်မြို့နယ်တွင် နိုင်ငံရေးပါတီ ၁၁ ပါတီမှ လွှတ်တော် (၃)ရပ်အတွက် ကိုယ်စားလှယ်လောင်း(၃၀)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ရပ်စောက် မြို့နယ်ရှိ ရပ်ကွက်(၁၄)ခုနှင့် ကျေးရွာအုပ်စု(၁၈)အုပ်စုတို့မှ မဲရုံပေါင်း ၈၄ ရုံတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေ စုစုပေါင်း (၁၁၀၄၇၈) ဦး ရှိကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများ လျှို့ဝှက်ဆန္ဒမဲ ပေးရာတွင် စိတ်အနှောင့်အယှက်များ မဖြစ်စေရေးနှင့် နှလုံးစိတ်၀မ်းအေးချမ်းစွာ မဲပေးနိုင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ပေးထားကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးရဲ၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်လုံခြုံရေးတို့မှ မဲရုံနှင့်ပြည်သူများ အတွက် လုံခြုံရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)