အမာ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှ စတင်ကျင်းပခဲ့ရာ မြို့ပေါ်ရပ်ကွက်မဲရုံအသီးသီး၌ ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
မဲရုံအသီးသီး၌ မဲရုံစတင်မဖွင့်လှစ်မီ နံနက် ၅ နာရီခွဲအချိန်တွင် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ မဲရုံမှူးများထံသို့ ချိတ်ပိတ်ပြီးသော ကြိုတင် မဲပုံးများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အမှတ်(၄)ရပ်ကွက်ရှိ မဲရုံအမှတ်(၁) မဲရုံမှူးထံမှ သိရသည်။
ဆက်လက်၍ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးတို့က ပါတီကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများ စသည့် အသိသက်သေများ ရှေ့မှောက်တွင် မဲပုံးပိတ်ခြင်း၊ မဲပုံးလုံခြုံရေးကြိုး တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြကာ နံနက် (၆) နာရီတိတိအချိန်တွင် မဲရုံမှူးက မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေညာပေးခဲ့သည်။
ထို့နောက် ဆန္ဒမဲပေးရန် ကြိုတင်စောင့်ဆိုင်းနေကြသော မဲဆန္ဒရှင်ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ တန်းစီစနစ်ဖြင့် စိတ်ဝင်စားစွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
နော်လေး(အမာ)