မိုင်းယန်းမြို့၌ (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အဆင်ပြေအေးချမ်းစွာ ပြည်သူများမဲပေး

မိုင်းယန်း  နိုဝင်ဘာ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ယနေ့နံနက် ၆နာရီ က စတင်ဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာမဲရုံအသီးသီးတွင် ပြည်သူများ အေးချမ်းစွာမဲပေး လျက်ရှိသည်။

ထိုသို့ဆန္ဒမဲများစတင်ပေးရာတွင် သက်ဆိုင်ရာမဲရုံမှူးများက မဲဆန္ဒရှင်ပြည်သူများအား  မဲပုံးအလွတ်ဖြစ်ကြောင်း ကိုပြသပေးခဲ့ပြီး မဲရုံသို့ရောက်ရှိလာသော ဆန္ဒမဲပေးမည့်ပြည်သူများကို နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းနှင့် လူစုလူဝေးမဖြစ်ပေါ်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ၆ ပေအကွာ စနစ်တကျဆောင်ရွက်ကာ မဲရုံအတွင်း ဝင်ရောက်စေ၍ ဆန္ဒမဲပေးလျက်ရှိကြသည်။

မိုင်းယန်းမြို့နယ်တွင် မဲဆန္ဒနယ်အမှတ်(၁)၌ ရပ်ကွက် (၁၂)ရပ်ကွက်တွင် ဆန္ဒမဲပေးမည့်သူပေါင်း (၃၅၈၄)ဦး၊ မဲဆန္ဒနယ်အမှတ်(၂) ကျေးရွာအုပ်စုများတွင် ဆန္ဒမဲပေးမည့်သူပေါင်း (၃၀၀၃)ဦး စုစုပေါင်း (၆၅၈၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှ သိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)