ကျွန်းစုမြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း (၄) ခု အတွက် ကျေးရွာများ ရွေးချယ်

ကျွန်းစု မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း (၄) ခုအတွက် ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာကက စီမံကိန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ကျွန်းစုမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ (၇) ရွာ၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း ကျေးရွာ(၁)ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ (၃) ရွာနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်း(RBF) ကျေးရွာ(၃)ရွာတို့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက စီမံကိန်းများအတွက် ဦးစားပေးအဆင့်လိုက် ကျေးရွာများအား ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)