ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ မဲရုံပေါင်း (၇၈)ရုံတွင် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေး

ပင်းတယ   နိုဝင်ဘာ   ၈

ရှမ်းပြည် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ၂၀၂၀ ပြည့်နှစ် ယနေ့ နံနက် ၆ နာရီအချိန်မှ စတင်၍ ညနေ ၄ နာရီအချိန်ထိ ဖွင့်လှစ်ထားသည့် မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ မဲပေးနိုင်ရေးအတွက် ဆန္ဒမဲ ပေးရန် လာရောက်သူများအား ကိုယ်ပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည် အသုံးပြုစေခြင်း၊ နှာခေါင်းစည်းများ စနစ် တကျ တပ်ဆင်စေခြင်း တစ်ဦးနှင့်တစ်ဦး ၆ ပေခြား တန်းစီစေခြင်းများကို သက်ဆိုင်ရာ မဲရုံများ၌ တာဝန်ကျသူ များက ဆောင်ရွက်ပေးလျက်ရှိသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂၇ အုပ်စုရှိရာ မဲရုံပေါင်း ၇၈ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း ၆၀၉၉၅ ဦးခန့်ရှိရာ ယနေ့ နံနက် ၆ နာရီအချိန်မှ စတင်၍ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးလျက်ရှိကြောင်းလည်း သိရသည်။

ပင်းတယ (ပြန်/ဆက်)