မဟာအောင်မြေ နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ (၈) ရက်နေ့တွင် နိုင်ငံ တစ်ဝှမ်းတွင် ကျင်းပလျက်ရှိရာ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်တွင် မဲရုံမှူးများက မဲပုံးများကို မဲရုံကိုယ်စားလှယ်များရှေ့ပြသကာ ချိတ်ပိတ်ပြီး နံနက် (၆) နာရီတွင် မဲရုံဖွင့် ကြောင်း ကြေညာဖွင့်လှစ်ခဲ့ရာ ပြည်သူအများ ဆန္ဒမဲများ အားတက်သရော လာရောက် ပေးကြကြောင်း သိရသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးသည် ကိုဗစ် - ၁၉ ရောဂါကာလ ကျင်းပသည့်အတွက် ဆန္ဒမဲလာရောက်ပေးကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်မှ တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာအဝေးတွင် ရှိစေရေး၊ Mask များပြောင်းလဲပေးခြင်း၊ Spray ဖြန်းပေးခြင်းနှင့် Face Shield များ ပေးဝေ ခဲ့ခြင်းများ ဆောင်ရွက်ထားခြင်းကြောင့် ပြည်သူများ စိတ်ချယုံကြည်စွာ ဆန္ဒမဲများ ပေးလျက် ရှိသည်။
မဟာအောင်မြေမြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယအတွက် ပါတီ (၄) ပါတီမှ ကိုယ်စားလှယ် (၄) ဦးနှင့် တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း (၅)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ပါတီ(၃) ပါတီမှ ကိုယ်စားလှယ် (၃) ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)အတွက် ပါတီ(၃)ပါတီမှ ကိုယ်စားလှယ် (၃)ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)အတွက် ပါတီ (၃)ပါတီမှ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးတို့ ဝင်ရောက် အရွေးချယ်ခံ သွားမည်ဖြစ်သည်။
မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက် (၁၈)ရပ်ကွက်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမျိုးသား(၇၇၈၃၀)ဦးနှင့် အမျိုးသမီး(၉၄၉၁၁)ဦး စုစုပေါင်း (၁၇၂၇၄၁)ဦးရှိကာ ရှမ်း တိုင်းရင်းသားလူမျိုး ဆန္ဒမဲပေးခွင့်ရှိသူ (၃၂၉၃)ဦး ရှိကာ မဲရုံပေါင်း (၈၄)ရုံရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်