မိုင်းပန်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

မိုင်းပန်          နိုဝင်ဘာ        ၈

၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် (၆) နာရီအချိန်မှစ၍ မြန်မာနိုင်ငံအတွင်းရှိ ရွေးကောက်ပွဲ ကျင်းပသည့် မြို့များနှင့်နည်းတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ မဲရုံ (၂၆) ရုံတွင်လည်း ရွေးကောက်ပွဲ စတင်ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှသိရ သည်။

၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ နံနက် (၆) နာရီအချိန်တွင် မိုင်းပန်မြို့နယ်၊ အနောက်ရပ်ကွက် အတွင်းရှိ စဝ်ကောလီခန်းမ မဲရုံအမှတ်(၃) တွင် ရွေးကောက်ပွဲ စတင်ကျင်းပနေသည့် အခြေအနေကို သွားရောက်ရိုက်ကူးခဲ့ရာ မဲရုံမှူး ဒေါ်ခိုင်နွယ်ဦးမှ ဆန္ဒမဲမပေးမီ စောင့်ကြည့်လေ့လာသူများနှင့် မဲရုံဝန်ထမ်းများ၏ရှေ့တွင် ဆန္ဒမဲပုံးများမှာ မဲပုံး အလွတ်များ ဖြစ်ကြောင်းပြသပြီး မဲပုံးများအား လုံခြုံရေးကြိုးဖြင့် ချည်ပြီးနောက် နံနက် (၆) နာရီ အချိန်တိတိတွင် မဲရုံ စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ကြောင်း နှင့် မဲဆန္ဒရှင်များမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆန္ဒမဲများ ပေးနိုင်ရန် စီစဉ်ထားရှိကြောင်း သိရ သည်။

မိုင်းပန်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်၌ မဲရုံ (၈) ရုံနှင့် ကျေးရွာအုပ်စု (၁ဝ) အုပ်စု၌ မဲရုံ (၁၈)ရုံ စုစုပေါင်း (၂၆) ရုံရှိပြီး မဲဆန္ဒရှင်စုစုပေါင်း (၁၃၃၄၆) ဦးရှိကြောင်း သိရသည်။ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၇) ရက်နေ့အထိ ကြိုတင်မဲလာရောက်ပေးပြီးသူ (၄၈၂၁) ဦး ရှိပြီး ဖြစ်သောကြောင့် နိုဝင်ဘာ (၈) ရက်နေ့တွင် မိုင်းပန်မြို့နယ်အတွင်း၌ မဲပေးခွင့် ရှိသူ မဲဆန္ဒရှင် (၈၅၂၅) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ဆန်းမြင့်(ပြန်/ဆက်)