စဉ့်ကိုင် မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိန်ပညာ)ရေးသားသည့် "ပထမမင်္ဂလာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝါသနာပါသူများ၊ စာပေချစ်မြတ်နိုးသူများ၊ စာဖတ်ပရိတ်သတ်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားခြင်း၊ မိတ်ဆွေအပေါင်းအသင်းများတိုးပွားခြင်း၊ အတွေးအခေါ်သစ်များရရှိခြင်း၊ အချိန်အနည်းငယ်အတွင်း အသိပညာများစွာရရှိစေသောကြောင့် စာဖတ်ဝိုင်းသို့ တက်ရောက်စေလိုကြောင်း၊ ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာဖတ်သည့်အလေ့အထများ ပိုမိုတိုးတက်ရရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနာယက ဦးသန်းအောင်က စာဖတ်ဝိုင်းများကို အပတ်စဉ်ဆောင်ရွက်သွားစေလိုကြောင်း သို့မှသာ အသင်း၀င်များအနေဖြင့် အတွေးအမြင်များ၊ ဖတ်ရှုလေ့လာမှုများကို ပြန်လည်မျှဝေခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်လာမှာဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဦးအေးကိုကို(ဝင်းမောင်မောင်ပန်းလောင်လွင်ပြင်)က စာရေးဆရာချစ်နိုင်(စိတ်ပညာရေး)ရေးသားသော “ပထမမင်္ဂလာ”စာအုပ်တွင်ပါရှိသည့် “ချင့်ချိန်နှိုင်းဆရခြင်းသဘော”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသန်း၀င်း(ပညာရေးငြိမ်း)က “ပညာနှင့်တူသော အလင်းရောင်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးထွန်းမြင့်က “ဘာလိုနေကြတာလဲ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသန်းဌေး(စာပေချစ်သူများအဖွဲ့)က “အပ်ဖျားရေစက်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအခန်းကဏ္ဍအလိုက် အသီးသီး ပါ၀င်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)