တန့်ယန်း နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်၌ ကျင်းပသည့် လွတ်လပ်၍ တရားမျှ တသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဒေသခံပြည်သူများသည် ယနေ့နံနက် ၆ နာရီမှ စတင်ကာ တည်ငြိမ်အေးချမ်းစွာဖြင့် ဆန္ဒမဲ လာရောက် ပေးလျက်ရှိသည်။
မဲရုံများသို့ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးစိုင်းဘိုဘိုနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူ ဦးသက်လွင်ထွန်းနှင့် တာဝန်ရှိ ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းစံအေးတို့က ပြည်သူများ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် ရပ်ကွက် (၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၉)အုပ်စုရှိပြီး မဲရုံပေါင်း (၇၉)ရုံ ရှိရာ မဲရုံများတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ အထူးရဲများက ပြည်သူများ တည်ငြိမ်အေးချမ်းစွာဖြင့် ဆန္ဒမဲ လာရောက် ပေးနိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိပေးပြီး မဲဆန္ဒနယ် (၁)နှင့် မဲဆန္ဒနယ် (၂)တို့တွင် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၁၁၆၅၆)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)