တနင်္သာရီမြို့တွင် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများစိုက်ထူ

တနင်္သာရီ မေ ၁၃

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရန်နှင့် အခြေခံပညာသင်ယူခွင့်ရရှိစေရန်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ယနေ့နံနက်၉နာရီအချိန်မှစတင်၍ လူသွားလူလာများသည့် လမ်းဆုံနေရာ (၃)နေရာတွင် စိုက်ထူခြင်းအခမ်းအနား ကျင်းပပြုလုပ်ကြောင်း သိရသည်။

၎င်းအခမ်းအနားသို့ တနင်္သာရီမြို့နယ် အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်၊ အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆရာ/မများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ အလျား(၆)ပေ၊ အနံ(၃)ပေရှိသည့်“ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများကို  ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးမြတ်ဦးနှင့်ဝန်ထမ်းများက မြို့နယ်ပညာရေးမှူးရုံးအရှေ့တွင် တစ်ခု၊ ချောင်းကြီးရပ်ကွက် ရွှေလိပ်ပြာလမ်းဆုံနေရာတွင် တစ်ခုနှင့် တနင်္သာရီတံတားအနီးတွင် တစ်ခု၊ စုစုပေါင်း ပိုစတာ(၃)ခုကို စိုက်ထူပေးကြသည်။

ထို့နောက် အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးဦးမျိုးမြတ်ဦးတို့က အမွှေးနံ့သာများ ပက်ဖျန်းပေးကြ‌ပြီး စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကြကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၄ခုနှစ်၊ မေလ(၂၃) ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိကို  ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့တွင် ‌တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် အထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၇)ကျောင်း၊ အလယ်တန်းကျောင်း(၇)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၄)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၆)ကျောင်း၊ မူလတန်းကျောင်း(၇၆)ကျောင်း၊ မူလတန်းကျောင်းခွဲ(၁၂)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း၊ စုစုပေါင်း(၁၄၁)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)