တနင်္သာရီ မေ ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ သာသနာ့ဝုဎ္ဍိပါလချောင်းကြီးကျောင်းတိုက် ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် (တတိယ)အကြိမ် နေ့ညအသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ အောင်မြင်ခြင်းအထိမ်းအမှတ် ပိတ်သိမ်းပွဲအခမ်းအနားကို ၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း(၇)ရက်၊ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားသို့ တနင်္သာရီမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ပင့်လျှာက်ထားသော ဆရာတော်/သံဃာတော် အရှင်သူမြတ်(၄၁)ပါး၊ ချောင်းကြီးရပ်၊ မြို့ဦးရပ်နှင့် ချောင်းငယ်ရပ်တို့မှ အရပ်လူကြီးများ၊ ကြီးမြတ်သာရီယုဝတီ အဘိဓမ္မာဝတ်ရွတ်အဖွဲ့ စေတနာရှင်၊ ပဋ္ဌာန်းအလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် လူပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်သံပြိုင်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ချောင်းကြီးကျောင်းတိုက် ဦးစီးပဓာန ဆရာတော် အရှင်ပဏ္ဏိစက ငါးပါးသီလချီးမြှင့်ပေးပြီး နေ့ညအသံမစဲ ပဋ္ဌာန်းပွဲအောင်မြင်ခြင်းအတွက် ဝမ်းမြောက်ကြောင်း အနုမောဒနာဂါထာတော်ကို သြဝါဒ ချီးမြှင့်ပေးတော်မူသည်။
ထို့နောက် ဆရာတော်/သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း မေတ္တာသုတ်ပရိတ်တော်ကို ရွတ်ပွားပူဇော်ပြီး ဆရာတော်အရှင်ပဏ္ဏိစ က ပဋ္ဌာန်းအကျိုးတရားတော်ကို ချီးမြှင့်မြွက်ကြားကာ အလှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ သာဓုသုံးကြိမ်ခေါ်ဆိုခဲ့ကြသည်။
၎င်းနောက် တက်ရောက်သည့် ဧည့်ပရိသတ်များက သံဃာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)