မံစီ နိုဝင်ဘာ ၈
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့၌ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် ယနေ့နံနက် ၆ နာရီမှစတင်၍ ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။
မဲရုံအသီးသီးသို့လာရောက် ဆန္ဒမဲပေးလျက်ရှိသည့်မဲဆန္ဒရှင် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် မဲရုံတာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိနေပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများကလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။
မံစီမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အခြေခံမဲဆန္ဒရှင်ဦးရေ (၄၂၅၈၁)ဦးခန့်ရှိပြီး လွန်ခဲ့သည့် ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အခြေခံမဲဆန္ဒရှင်ဦးရေ (၁၀၂၄၁)ဦး တိုးလာခဲ့ကြောင်း၊ အခြေခံမဲ ဆန္ဒရှင်(၄၂၅၈၁)ဦးရှိသည့် အနက် ပထမဆုံး မဲပေးမည့် အခြေခံမဲဆန္ဒရှင်ဦးရေ (၅၇၉၁)ဦးရှိပြီး မသန်စွမ်း အခြေခံမဲဆန္ဒရှင် ဦးရေ(၃၈)ဦး ရှိကြောင်း သိရသည်။
မံစီမြို့နယ်အတွင်းရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၈)အုပ်စုအတွင်း မဲရုံ(၃၉)ရုံကို ဆောင်ရွက် ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ရိန်(ပြန်/ဆက်)