ကရသူရိ မေ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် ကျောင်းသူများ၏ အသက်မွေး ဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ် ပန်းကြယ်သီးထိုးနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက နွေရာသီကျောင်းပိတ်ရက်တွင် လက်မှုပညာရပ်တစ်ခုခုအား လေ့လာသင်ယူတတ်မြောက်ထားပါက မိမိတို့၏ လူမှုနယ်ပယ်တွင် ထိုပညာရပ်ကို အသုံးပြု၍ မိသားစု၏ အကျိုးစီးပွားကိုအထောက်အပံ့ ဖြစ်မည်ဖြစ်၍ ကျောင်းသူများအား ရည်ရွယ်ကာ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြ မမာမာဖြူက ပန်းကြယ်သီးထိုးရာတွင် လိပ်ပြာပုံ၊ ပန်းပုံ၊ ပုစဉ်းခေါင်းသီး၊ ခရုခွေပုံ၊ ပန်းခက်အနွယ်ပုံ စသည့်နည်းများ ကို သင်ကြားပြသရာ သင်တန်းသူများက လက်တွေ့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါသတင်တန်းကို ကရသူရိမြို့ အတွင်းရှိရပ်ကွက်များမှ ကျောင်းသူ(၁၂)ဦး တက်ရောက်ခဲ့ပြီး မေလ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)