ငါန်းဇွန် မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ ပူးပေါင်းပြီး စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ)၏ “ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်း” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် မသင်းသင်းဆွေက “ကိုယ့်အကြောင်း ကိုယ်သိအောင် လုပ်ပါ၊ ပင်ကိုအတိုင်းနေပါ၊ သင်နှင့်သင်သာ နှိုင်းစရာ” ခေါင်းစဉ်ဖြင့် ကိုယ့်ကိုယ်ကို အခြားသူများနှင့် မတူရကောင်းလားဟုဆိုပြီး တစ်စက်ကလေးမျှ သောကပွားမနေသင့်ကြောင်း၊ လမ်းမကြီးမဖြစ်နိုင်လျှင် လူသွားလမ်းကလေးဖြစ်ပါစေ။ နေမင်းကြီး မဖြစ်နိုင်လျှင် ကြယ်ပွင့်ကလေး တစ်ပွင့်ဖြစ်ပါစေ။ ဘယ်လောက်နိုင်တာ၊ ဘယ်လောက်ရှုံးတာ အကြောင်းမဟုတ်ပါ။ အကောင်းဆုံးလုပ်တာ ပဓာနပါ။ သောကကင်းဝေးငြိမ်းချမ်းရေးအတွက် အခြားသူတွေကို မတုပပါနဲ့ ဟူ၍လည်းကောင်း၊ မောင်ဇော်ဝင်းမောင်က “မောပန်းနွမ်းနယ်မှုနှင့် သောကကင်းဝေးမှု နည်းလေးခု” ခေါင်းစဉ်ဖြင့် နည်းလမ်း(၁) သင့်စားပွဲပေါ်မှာ လတ်တလော လုပ်ဆောင်ရမည့် စာရွက်စာတမ်းများသာ ထားပါ။ နည်းလမ်း(၂) အရေးကြီးတာတွေ ဦးစားပေးပြီး အရင်လုပ်ပါ။ ပြီးမှ အရေးမကြီးတာတွေကို လုပ်ပါ။ နည်းလမ်း(၃) ပြဿနာရှိလျှင် ချက်ချင်းရှင်း။ အချက်အလက်စုံလျှင် ချက်ချင်းဆုံးဖြတ်။ ရွှေ့ဆိုင်းမထားနှင့်။ နည်းလမ်း(၄) စုစည်းပါ။ တာဝန်လွှဲပါ။ ကြီးကြပ်ပါ။ နည်းလမ်းများကိုလည်းကောင်း၊ မစန်းစန်းဝင်းက “ဘာ့ကြောင့် မောတယ်၊ ဘာလုပ်မယ်” ခေါင်းစဉ်ဖြင့် သောက၊ စိတ်ကျဉ်းကျပ်မှု၊ စိတ်ပျက်မှုတို့သည် မောပန်းနွမ်းနယ်မှုကို ဖြစ်စေသော အဓိကအကြောင်းတရားသုံးခုဖြစ်ကြောင်း၊ စိတ်လှုပ်ရှားမှု၊ မောပန်းနွမ်းနယ်မှုတို့အတွက် အပန်းဖြေနည်းဖြစ်သည့် ဘယ်လောက်ကလေးပဲ အချိန်ရရ၊ အချိန်မရွေး အပန်းဖြေပါ။ တတ်နိုင်သမျှ သက်သောင့်သက်သာနေပြီး အလုပ်များများလုပ်ပါ။ တစ်နေ့တစ်နေ့လျှင် လေးငါးခါ ကိုယ့်ကိုယ်ကို စစ်ဆေးပါ။ တစ်နေကုန်လျှင် ကိုယ့်ကိုယ်ကို ထပ်စစ်ဆေးပါ။ စသည့်အပန်းဖြေနည်းများ ကိုလည်းကောင်း “ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင် နည်း” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသောစာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)