ထားဝယ် မေ ၁၆
၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် “သဲကန္တာရတိုက်ဖျက်ရေးနှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေးမြေယာပြန်လည်ပြုပြင်ပေး” ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့်ဇီဝမျိုးစုံမျိုးကွဲများပျက်စီးဆုံးရှုံးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ စွန့်ပစ်ပစ္စည်းဆိုင်ရာ ပြင်းထန်သောစိုးရိမ်ဖွယ် ၃ ပွင့်ဆိုင် ကမ္ဘာအကျပ်အတည်းများကို ပြည်သူများ သိရှိနိုင်စေရန်ရည်ရွယ်၍ “ရာသီဥတုပြောင်းလဲခြင်း”၊ “ထိန်းသိမ်းသင့်သောပင်လယ်မြက်များနှင့်အဏ္ဏဝါဂေဟစနစ်”၊ “ပလတ်စတစ်၏ဆိုးကျိုးများ” ခေါင်းစဉ်များဖြင့် ထားဝယ်မြို့၊ စည်ပင်သာယာဈေးကြီးနှင့် ကမ်းနားဈေးအတွင်းရှိ ဈေးဝယ်သူ/သားများ၊ လူစည်ကားရာနေရာများ၊ ဈေးအနီးတစ်လျှောက်တို့တွင် သွားလာနေသောအများပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင် (၅၀၀) စောင်နှင့် ပလတ်စတစ်အစားထိုး ဈေးဝယ်အိတ်များ အခမံ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)