သရက်ချောင်းမြို့နယ်တွင် (၃၇)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

သရက်ချောင်း မေ ၁၆

၂၀၂၄ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၃၇)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်၉နာရီအချိန်က သရက်ချောင်းမြို့၊ အ.ထ.က သရက်ချောင်းကျောင်းတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲများကို “မူးယစ်ရန်စွယ်အသွယ်သွယ်အန္တရာယ်ဟူသမျှရှောင်ရှားကြ”၊ “မူးယစ်ဆေးဝါးကာကွယ်ရေးအသိပညာမြှင့်တင်ပေး”၊ “မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန်မျိုးဗီဇ”၊  “ဉာဏ်ရည်လည်းရှုံးလူညွန့်တုံး စည်းလုံးတိုက်ပစ်ထိုမူးယစ်”၊  “လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူကူညီစို့”၊  “ခွဲခြားနှိမ့်ချကင်းစင်ဝေးကာကွယ်ရေးကိုအလေးပေး လူသားအားလုံးကျန်းမာရေး” စသည့် ခေါင်းစဉ်များဖြင့် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်မှ ကျောင်းသား/သူ(၁၄)ဦး ဝင်ရောက်ယှဉ်ပြိုင်နေမှုကို သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)