ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာနှင့် ဆန္ဒမဲပေး

ဖားဆောင်း နိုဝင်ဘာ ၈

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ မဲရုဲများတွင် ယနေ့ နံနက်(၆)နာရီ အချိန်မှစ၍ မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာမဲရုံအလိုက် လွတ်လပ်စွာ နှင့် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးလျက်ရှိသည်။
ဖားဆောင်းမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာ အသီးသီးရှိ မဲရုံများတွင် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံဝန်ထမ်းများသည် ဆန္ဒမဲထည့်သည့် မဲပုံးများအတွင်း မည်သည့်အရာမျှမရှိကြောင်း အသိသက်သေများ၏ ရှေ့မှောက်တွင် ပြသ၍ လုံခြုံရေးကြိုးများဖြင့် စနစ်တကျပိတ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူပြည်သူများ စတင်မဲပေးနိုင်ကြောင်း မဲရုံမှူးမှ အသိပေးကြေညာပြီး ဆန္ဒမဲပေးပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask)ဖြန့်ဝေခြင်း၊ တစ်ဦးနှင့်တစ်ဦး(၆)ပေခွာ၍ ဝင်ရောက်စေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့နောက် မဲရုံအဖွဲ့ဝင်များက မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်လျက် ရှိရာ ဆန္ဒမဲပေးခွင့်ရှိသူပြည်သူများက မိမိတို့ဆန္ဒအလျောက် လွတ်လပ်စွာနှင့် ဆန္ဒမဲပေးလျက်ရှိပြီး၊ ဆန္ဒမဲထည့်ပြီးကြောင်း အမှတ်အသားအဖြစ် ဘယ်လက်သန်းတွင် မင်တို့ခြင်းများကို စနစ်တကျဆောင် ရွက်ပေးလျက်ရှိသည်။
ဖားဆောင်းမြို့နယ်အတွင်းတွင် မဲရုံပေါင်း (၁၇)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း(၁၆၉၁၂)ဦးခန့်ရှိကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)