ပုလောမြို့ အမှတ်(၁) အဏ္ဏဝါရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြောက်

ပုလော မေ ၁၇

တနင်္သာရီတိုင်း‌ဒေသကြီး၊ ပုလောမြို့ အမှတ်(၁)အဏ္ဏဝါရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြောက်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပုလောမြို့ အမှတ်(၁) အဏ္ဏဝါရောင်းဝယ်ရေး သမဝါယမအသင်းစုရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုလောမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက သမဝါယမအသင်းများ၏လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်ကမ်းများကို ချပြရှင်းလင်းခဲ့ပြီး၊ အမှတ်(၁)အဏ္ဏဝါရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အလုပ်အမှုဆောင်အဖွဲ့ အစီရင်ခံစာများတင်သွင်းခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများဖတ်ကြားခြင်း၊ အမှုဆောင်ကော်မတီများ နှုတ်ထွက်ပြီး အမှုဆောင်အသစ်ရွေးချယ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုလောမြို့ အမှတ်(၁)အဏ္ဏဝါရောင်းဝယ်ရေးသမဝါယမအသင်းတွင် အမှတ်(၁)ရပ်ကွက်အတွင်းရှိ ရေလုပ်ငန်းလုပ်ကိုင်သူများ အဓိကပါဝင်ဖွဲ့စည်းထားပြီး ကာလအားဖြင့် (၂၉)နှစ်ကြာပြီဖြစ်ကြောင်း၊ အသင်းသူ/အသင်းသား (၇၅၅)ဦးဖြင့် အသင်း၏လည်ပတ်ရန်ပုံငွေမှာ သိန်း (၇၂၀၀) ရှိကြောင်း၊ အသင်း၏အဓိကလုပ်ငန်းမှာ ရောင်းဝယ်ရေးနှင့် ငွေစုငွေချေးလုပ်ငန်းဖြစ်ကြောင်း၊ အသင်းစု၏အဓိကလုပ်ငန်းများမှ ရရှိသည့်အမြတ်ငွေများကို အသင်းဝင်မိသားစုများတွင် လိုအပ်သည့် ကျန်းမာရေး၊ လူမှုရေးအကူအညီများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)