အင်ဂျန်းယန် နိုဝင်ဘာ ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် ယနေ့နံနက် ၆ နာရီမှစ၍ ညနေ ၄ နာရီအချိန်အထိ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတွင် ဖွင့်လှစ်ထားသည့် မဲရုံပေါင်း(၇)ရုံတွင် မဲဆန္ဒရှင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ မဲပေးနိုင်ရေး အတွက် ဆန္ဒမဲပေးရန် လာရောက်သူတိုင်းအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပါးစပ်နှားခေါင်းစည်းများ စနစ်တကျ လဲလှယ် တပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေခြားတန်းစီစေခြင်းများကို ဆောင်ရွက် စေခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူပေါင်း ၂၀၀၆ ဦးတို့က မိမိတို့နှင့် သက်ဆိုင်ရာ မဲဆန္ဒနယ်အတွင်းရှိ မဲရုံများတွင် မိမိတို့နှစ်သက်ရာ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေး ရွေးချယ်ကြရမည် ဖြစ်သည်။
အင်ဂျန်းယန်မြို့နယ်အတွင်း နိုင်ငံရေးပါတီ ၅ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အပါအဝင် လွှတ်တော် သုံးရပ်အတွက် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော်တွင် ၃ ဦး၊ အမျိုးသားလွှတ်တော်တွင် ၆ ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)တွင် ၃ ဦးနှင့် ပြည်နယ်လွတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ၅ ဦး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
ကျော်စိုးနိုင်(ပြန်/ဆက်)