မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲကျင်းပ

မအူပင် မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အမှတ်(၈၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု (မအူပင်)မှ ဒုတိယရဲမှူး ဦးမိုးမြင့်ကိုက ယာဉ်တိုက်မှုလျော့နည်းရေး အကြောင်းအရာများ၊ ဒဏ်ရာရရှိမှု လျော့နည်းရေး အကြောင်းအရာများ၊ အသက်သေဆုံးမှု အကြောင်းအရာများ၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် စံချိန်စံညွှန်းကိုက်ညီသည့် ဆိုင်ကယ်စီးဦးထုတ်များဆောင်းရန်၊ မေးသိုင်းကြိုးတပ်ရန်နှင့် လမ်းလေးခွနေရာများ ဖြတ်မောင်းရာတွင် ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဟောပြောပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဆွေးနွေးပွဲသို့ မအူပင်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)