စဉ့်ကိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အေရိုးဗစ်သင်တန်း (အခမဲ့) ဖွင့်လှစ်

စဉ့်ကိုင် မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဖတ်ရှုတတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍  မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အေရိုးဗစ်သင်တန်း (အခမဲ့)ကို  ယနေ့နံနက် ၈ နာရီအချိန်မှစတင် ဖွင့်လှစ်‌ပေးခဲ့သည်။

သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးရာတွင် လူငယ်မောင်မယ်မျာအတွက် နွေရာသီကျောင်းပိတ်ရက်များကို တန်ဖိုးရှိစွာ ဖြတ်သန်းစေလိုပါကြောင်း၊ အားလပ်ချိန်များတွင် အသိပညာ၊ အတတ်ပညာများ ဆည်းပူးလေ့ကျင့်ရန် လိုအပ်ပါကြောင်း၊  မိမိတို့ဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များအတွက် အကျိုး‌ဖြစ်ထွန်းစေမည့် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကို လစဉ်ဖွင့်လှစ်ပေးခဲ့ရာ ယခုအခါ အေရိုးဗစ်သင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး  နောင်တွင်လည်း ယခုကဲ့သို့သင်တန်းများကို  စဉ်ဆက်မပြတ် ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည့်အတွက် လာရောက်သင်ယူကြစေလိုကြောင်း ပြောကြားသည်။

သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့စုမှ တပ်ဖွဲ့မှူး ဒေါ်နီနီက နံနက် ၈ နာရီမှ ၁၀ နာရီအထိ လက်တွေ့ပို့ချ သင်ကြား‌‌ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၉-၅-၂၀၂၄)မှ (၂၁-၅-၂၀၂၄) အထိ  ဖြစ်‌ကြောင်းသိရသည်။

ကျော်စွာ(စဉ့်ကိုင်)