မြိတ် မေ ၁၉
မီးသတ်ဦးစီးဌာန၏ သက်တမ်းရှည်ကြာ အရန်မီးသတ်စခန်းအဖြစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် ဂုဏ်ပြုဆုချီးမြှင့်ခြင်းခံရသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ထားဝယ်စုရပ်ကွက်ရှိ ထားဝယ်စုအရန်မီးသတ်စခန်းအား ထပ်ဆင့်ဂုဏ်ပြုပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ မီးသတ်စခန်းတွင် ကျင်းပခဲ့သည်။
ထားဝယ်စုအရန်မီးသတ်စခန်းသည် (၁၉၃၅)ခုနှစ်မှစတင်၍ ပရဟိတစိတ်ကိုအခြေခံကာ ဒေသအကျိုး၊ နိုင်ငံတော်အကျိုး တိုင်းရင်းသားပြည်သူတို့၏ အကျိုးကို ဦးလည်မသုန် အစဉ်ရှေးရှုဆောင်ရွက်ပြီး နိုင်ငံတော်နှင့် ပြည်သူမှအားထားယုံကြည်ရသော စေတနာ့ဝန်ထမ်းမီးသတ်သမားများဖြင့် ရပ်တည်ကာ ယနေ့အချိန်အထိတိုင် သက်တမ်းရှည်ကြာ တည်ရှိနေသာ အရန်မီးသတ်စခန်းဖြစ်သည့်အတွက် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့တွင် ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။
ထပ်ဆင့်ဂုဏ်ပြုပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ထားဝယ်စု အရန်မီးသတ်စခန်းတာဝန်ခံ အရန်မီးသတ်တပ်ခွဲမှူး ဦးခိုင်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် မြိတ်ခရိုင် ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦးမှ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဒေသအရန်မီးသတ်စခန်းများ၏ ဂုဏ်ပြုမှတ်တမ်း (video) ပြသရာတက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သက်တမ်း ရှည်ကြာတည်ရှိနေသော အရန်မီးသတ်စခန်းအဖြစ် ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် စပ်လျဉ်းသည့် မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထားဝယ်စု အရန်မီးသတ်စခန်းသည် အဆောက်အဦ(၂)လုံး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၃)စီး၊ လူနာတင်ယာဉ်(၁)စီးတို့ဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀၈)ဦးမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေး၊ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အားကြိုးမာန်တက်၊ ရဲဝံ့စွန့်စားစွာဖြင့် မီးသတ်ဦးစီးဌာနနှင့်အတူ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)