ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ကော့သောင်း မေ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ပြုလုပ်ခဲ့ရာ ဩဝါဒါစရိယနာယကဆရာတော်ကြီးများ၊ နာယကဆရာတော်များ၊ ဘာဏကဆရာတော်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။။

အဆိုပါအခမ်းအနားကို နမောတဿ (၃) ကြိမ် ဘုရားကန်တော့ရွတ်ဆို၍ ဖွင့်လှစ်ပြီး ရွှေဇင်‌ ယော်ကျောင်းဆရာတော်မှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် သုံးလောကထွဋ်တင် သဗ္ဗညုဘုရားရှင်အားပင့်ဆောင်၍ စစ်ဗျူဟာအ‌‌ခြေချအဖွဲ့ (ကော့သောင်း) မှ စစ်ဗျူဟာမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ ပဋ္ဌာန်းဆီမီးပူဇော်ခြင်းခဲ့ကြသည်။ ယင်းနောက် ဓမ္မသိပ္ပံကျောင်းတိုက်ဆရာတော်မှ အရှင်မဟာဗုဒ္ဓဃောသအရှင်သူမြတ်ရေးသားပူဇော်သော ပဌာနပကရဏဝန္ဒနာဖြင့်ပူဇော်၍ တရားနာဧည့်ပရိသတ်တို့က ရွှေပြည်သာကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူစောင့်တည်ခြင်းနှင့် ပဌာန်းအကြောင်းသိကောင်းစရာ ဩဝါဒကထာကို နာယူခဲ့ကြသည်။

ယင်း‌နောက်  လောကမာန်အောင်ကျောင်း ဆရာတော်မှပဋ္ဌာန်းတရားနာယူရန် နတ်ဗြဟ္မာတို့အား ဒေဝနိမန္တနဂါထာဖြင့် ပင့်ဖိတ်ခြင်း၊ ဝနဝါသီ‌‌ကျောင်း ဆရာတော်က ပဌာန်းတရားရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနှိုးဆော်လွှာ ပဌာန်းအမွှမ်းဂါထာတော်ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆရာတော်၊ သံဃာတော်ရှင်သူမြတ်များဦးဆောင်ပြီး ဧည့်ပရိသတ်တို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်သံပြိုင်ညီညာရွတ်ဆိုပူ‌‌ဇော်၍  ပဋ္ဌာနဘာဏကဆရာ‌တော်များမှ ပဌာန်းကျမ်းတော်ကြီးကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။အဆိုပါအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မေ (၁၉) မှ မေ (၂၁) ရက်နေ့ထိ (၂) ည (၃)ရက်တိုင်တိုင် ရွတ်ဖတ်ပူ‌ဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)