တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ်  မေ ၂၀

ပညာရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် နာရီအချိန်က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာရှေးဦးစွာ ကျောင်းသား/သူများက စေတနာပန်းတို့လန်းရာမြေ သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီး၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ကော့သောင်း၊ ဘုတ်ပြင်းစသည့် မြို့နယ်များတွင် စာသင်သားပေါင်း(၃၆၀၀)ကို စာသင်ဝိုင်း (၂၄၀)ဝိုင်း၊ နည်းပြ (၂၄၀)ဦး၊ ကြီးကြပ် (၂၄) ဦးတို့ဖြင့် စာမတတ်သူလျော့ချနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်စီမံမှုဖြင့် ဧပြီလ (၆) ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ ရက်ပေါင်း(၄၀)ကြာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သောကြောင့် သင်ကြားမှုပြီးမြောက်ခဲ့ပြီဖြစ်၍ ဂုဏ်ပြုပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ မိမိတို့မြို့နယ်အတွင်း၌ ရှိနေသေးသည့် စာမတတ်သူများထဲမှနှစ်အလိုက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆက်လက်သင်ကြားပေးသွားနိုင်ရေးနှင့် စာတတ်ပြီးသူများကို သင်ကြားပေးခြင်းပါဝင်သည့် စာဖတ်ရှိန်မြှင့်တင်ပေးရေး၊ ဝင်ငွေတိုးပွားအောင် ချိတ်ဆက်ဆောင်ရွက်ပေးစေလိုကြောင်း၊ အခြေခံလူတန်းစားပြည်သူများ၏ လူနေမှုဘဝ မြင့်မားရေးအတွက် ဘဝသာယာရေးပညာပေးအစီအစဉ်များပါဝင်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းများကို ပညာရေးဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများ၏နည်းပညာထောက်ပံ့မှု၊ ပံ့ပိုးပစ္စည်းများထောက်ပံ့မှုတို့ကိုရယူ၍ တနင်္သာရီတိုင်းဒေသကြီး၏နှစ်အလိုက်အစီအစဉ်များ ရေးဆွဲချမှတ်ပြီး အကောင် အထည်ဖော်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အားလုံး အသိပညာမြင့်မားပြီး စိတ်ဓာတ်နှင့်တွေးခေါ်မှုစွမ်းရည်မြင့်မားလာစေရန်လူတိုင်းအတွက် ပညာရေး”(Education For All-EFA) စာတတ်မြောက်ရေးလုပ်ငန်းနှင့် နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းဖော်ဆောင်ရေးတို့ အတွက် အားလုံး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများ၊ သင်ကြားရေးအစီအစဉ်များအဆင်ပြေချောမွေ့စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့်အကောင် အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် တာဝန်ရှိသူများအားလုံး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆက်လက်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအကောင်အထည်ဖော် ဆောင်ရွက်ရေးဦးစီးကော်မတီမှ ပေးအပ်သော မှတ်တမ်းတင်ဂုဏ်ပြုလွှာအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့်စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးတို့က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားခဲ့သည့် စာသင်သားများအတွက်သင်ယူပြီးမြောက်ကြောင်း လက်မှတ်များအားလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

ဆက်လက်၍ အခြေခံပညာစာတတ်မြောက်ရေးလုပ်အားပေး ဆရာ၊ ဆရာမများက အစဉ်အလာ ကောင်းတဲ့ပြည်သီချင်းဖြင့်လည်း ကောင်း၊ ပကာရီကျေးရွာအုပ်စု၊ ရမ္မဇူ-အခြေခံပညာကျောင်းသား၊ ကျောင်းသူများက စာတတ်မြောက်ရေး တေးသရုပ်ဖော်သီချင်းဖြင့်လည်းကောင်း တင်ဆက်ကပြဖျော်ဖြေခဲ့ကြပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင်သင်ယူပြီးမြောက်ခဲ့သည့်စာသင်သားများ ကိုယ်စား စာသင်သားတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားကာကျောင်းသား၊ ကျောင်းသူများက တို့အင်တို့အားသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)