ထားဝယ် မေ ၂၀
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ်ရှေ့၊ တိုးချဲ့လေယာဉ်ကွင်းဧရိယာအတွင်း၌ ၂၀၂၄-ခုနှစ်၊ မိုးရာသီ အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးကြီး အောင်မျိုးထွန်းက တက်ရောက်လာသူများအား သစ်ပင်ပျိုးပင်များပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကံ့ကော်ပျိုးပင်အားစတင်စိုက်ပျိုးပေးပြီး တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက သက်မှတ်ထားသော နေရာများတွင် ပျိုးပင်အမျိုးအစား (၇)မျိုး စုစုပေါင်း ပျိုးပင်(၃၆၂)ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးပေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်ပင်ပျိုးပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေထိန်းသိမ်းစို့၊ သစ်တော သစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်းစသည့် ဆောင်ပုဒ်နှင့်အညီ တိုးချဲ့လေယာဉ်ကွင်းဧရိယာအတွင်း၌ ကံ့ကော်၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ခရေ၊ သင်္ကန်း၊ တမလန်း၊ ကျွန်း၊ စုစုပေါင်းသစ်ပင်ပျိုးပင်(၃၆၂)ပင်အား စိုက်ပျိုးပေးခဲ့ကြ သည်။
ထားဝယ်ခရိုင်အတွင်းရှိသစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် မိုးရာသီ လူထုဖြန့်ပျိုးပင်များအား ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးလျက်ရှိပါကြောင်းနှင့် ပျိုးပင်များ ရယူစိုက်ပျိုးလိုပါက ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ဆက်သွယ်ပြီး ပျိုးပင်များ ထုတ်ယူနိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)