ကလိန်အောင် မေ ၂၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ယိုးဒယားမျိုး ဒူးရင်းသီးမှ ယခုအခါတွင် တခြားမြို့ကြီးများမှ လာရောက်ဝယ်ယူကြ၍ ဈေးကောင်းရရှိပြီး အဆင်ပြေကြကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
ကလိန်အောင်မြို့ရှိ ထွက်ရှိသည့် ယိုးဒယားမျိုးဒူးရင်းသီးများကို တခြားမြို့ကြီးတွေဖြစ်သည့် ရန်ကုန်၊ မော်လမြိုင်မြို့ဘက်များမှ ကုန်သည်များက ဈေးကောင်းပေးပြီး ခြံများ၌ အပင်ဖြတ်နှင့် ကီလိုအလိုက် လာရောက်ဝယ်ယူကြကြောင်း ကလိန်အောင်မြို့ရှိ ဒူးရင်းစိုက်ပျိုးသူတစ်ဦးက ပြောသည်။
"ဒီနှစ်ကတော့ ရိုးရိုးဒူးရင်းသီးရော ယိုးဒယားမျိုး ဒူးရင်းသီးပါ ဈေးကောင်းကြပါတယ်၊ အထက်ဘက်ခြမ်းမြို့ကြီးတွေက ဖောက်သည်လာဝယ်ကြတာပိုများတယ်။ တချို့က အပင်က အသီးအလုံးအရွယ်အစားကိုကြည့်ပြီး အပင်ပြတ်လိုက်အသီးစိမ်းနဲ့ အမှည့်ပါဝယ်ကြတယ်၊ တစ်ပင်ကို အနည်းဆုံးဈေးကငွေ ၁၅၀,၀၀၀ ကျပ်လောက်ရတယ်၊ အခုဆိုရင် စုစုပေါင်းငွေသိန်း (၂၅) နီးပါးလောက်ရရှိတယ်" ဟု ဒူးရင်းစိုက်ပျိုးသူ ဦးဇော်ဇော်က ပြောသည်။
"ယိုးဒယားဒူးရင်းသီးနဲ့ ဒေသထွက်ရိုးရိုးဒူးရင်းသီးက ကွာခြားမှု ရှိတယ်လေ၊ ယိုးဒယားအသီးက အသားများပြီး အစေ့ကသေးတယ်၊ ကျနော်တို့ ဒေသထွက် ဒေသထွက်ရိုးရိုးဒူးရင်းအသီးက အသားနည်းပြီး အစေ့ကကြီးတယ်၊ ပြီးတော့ အရသာမှာလည်း ကွာခြားတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိပေါက်ဈေးနှုန်းမှာ ရိုးရိုးဒူးရင်းသီးတစ်လုံးကို အရွယ်အစားအလိုက် တစ်လုံးကို ငွေ ၄,၅၀၀ မှ ၅,၀၀၀ ကျပ်အထိ ဈေးရရှိပြီး ယိုးဒယားမျိုး ဒူးရင်းသီးမှာ ငွေ ၁၀,၀၀၀ မှ ၁၅,၀၀၀ အထိ ဈေးကောင်းရရှိကြောင်း သိရသည်။
ယိုးဒယားမျိုး ကိုင်းဆက် ဒူးရင်းပျိုးပင်များကို တစ်ပင်ကို ငွေ ၂၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူပြီး မိုးဦးကာလဖြစ်သည့် ဇွန်လပိုင်းတွင် စတင်၍ စိုက်ပျိုးကြပြီး (၃)နှစ်ကျော်သက်တမ်းတွင် အပွင့်များစတင်ကာ (၅)နှစ်ကြာမှာ အသီးများကို ဈေးကွက်အတွင်းသို့ ခူးဆွတ်ရောင်းချကြောင်း သိရသည်။
ကလိန်အောင်မြို့ရှိ စိုက်ပျိုးတောင်သူများသည် ဥယျဉ်ခြံများတွင် ရော်ဘာ၊ ကွမ်း၊ သံပုရာ၊ သီဟိုဠ်၊ ဒူးရင်းပင် စသည့်ရာသီပေါ်နှစ်ရှည်သီးနှံအပင်များကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အဓိကထား၍ လုပ်ကိုင်စိုက်ပျိုးကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)