ကျွန်းစုမြို့တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကျွန်းစု မေ ၂

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ်အကြို မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုး ပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲအချိန်က ကျွန်းစုမြို့၊ ကပကျေးရွာ၊ ကတန်ကျွန်းပတ်လမ်း နံဘေး သတ်မှတ်ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြိတ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့် သစ်ပင်ပျိုးပင်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ပေးအပ်ခဲ့ပြီး  သစ်ပင်စိုက်ပျိုးပွဲတော်ကို သတ်မှတ်နေရာ၌ ကျင်းပရာ တက်ရောက်လာကြသူများက စုပေါင်းပါဝင်ကာ တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပစေရန်နှင့် ဒေသခံပြည်သူများက သစ်ပင်စိုက်ပျိုးမှုနည်းပညာနှင့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို သိရှိကာ လက် တွေ့စိုက်ပျိုး နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပြီး သစ်ပင်စိုက်ခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကာကွယ်ပေးခြင်း၊ ရေရရှိမှုအရင်းအမြစ်ကို ထိန်းသိမ်းပေးခြင်း၊ မြေဆီလွှာနှင့် မြေမျက်နှာပြင်ကို ထိန်းသိမ်းပေးခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပပြီး လေကောင်း လေသန့်များ ရရှိနိုင်သည်။

ထို့နောက် တက်ရောက်လာသူများက ပျဉ်းကတိုး (၁၀၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင်၊ မန်ဂျာရှားပင် (၃၀)ပင်၊ သင်္ကန်းပင်(၃၀)ပင်၊ ခရေပင်(၂၀)ပင်  စုစုပေါင်းသစ်ပင်(၂၈၀)ပင်တို့အား သတ်မှတ်နေရာ၌ စုပေါင်းစိုက်ပျိုးခဲ့ရာ မြိတ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာနမှူး ဦးသန်းဇော်ဝင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)